ပရိုဖက်ရှင်နယ် LoL ကစားသမား ဘဝကို စွန့်ခွာကာ Streamer ဘဝကို ခံယူသွားခဲ့တဲ့ Sneaky

ပရိုဖက်ရှင်နယ် LoL ကစားသမား ဘဝကို စွန့်ခွာကာ Streamer ဘဝကို ခံယူသွားခဲ့တဲ့ Sneaky

Zachary “Sneaky” Scuderi ဆိုတာကတော့ Cloud 9 LoL အသင်းမှာ (၇) နှစ်နီးပါး ကစားခဲ့တဲ့ နာမည်ကျော် AD Carry ကစားသမား တစ်ဦးပဲ ဖြစ်ပါတယ်။ Sneaky အနေနဲ့ Cloud 9 LoL အသင်းနဲ့အတူ အောင်မြင်မှုပေါင်း များစွာကို ရယူနိုင်ခဲ့ပေမယ့် ယခုအခါမှာတော့ ပရိုဖက်ရှင်နယ် LoL ကစားသမား ဘဝကို စွန့်ခွာပြီး အချိန်ပြည့် Streamer ဘဝကို ခံယူသွားတော့မှာဖြစ်ကြောင်း တရားဝင် ကြေငြာသွားခဲ့ပြီ ဖြစ်ပါတယ်။

Sneaky တစ်ယောက် ပရိုဖက်ရှင်နယ် Streamer ဘဝကို ခံယူလိုက်ပြီ ဖြစ်ပေမယ့်လည်း Cloud 9 LoL အသင်းရဲ့ အုံနာအဖြစ်၊ အကြံပေးအဖြစ်တော့ ဆက်လက် တည်ရှိသွားမှာ ဖြစ်ပါတယ်။ အခုလို Sneaky တစ်ယောက် ပရိုဖက်ရှင်နယ် LoL ကစားသမား ဘဝကနေ အနားသွားခြင်းနဲ့ ပတ်သတ်ပြီး Cloud 9 Esports အဖွဲ့အစည်းရဲ့ CEO ဖြစ်သူ Jack Etienne ကတော့ အခုလိုပဲ ကြေငြာသွားခဲ့ပါတယ်။

"Sneaky နဲ့အတူ (၇) နှစ်တိုင်တိုင် ပူးပေါင်းပြီး ယနေ့ခေတ် အောင်မြင်ကျော်ကြားတဲ့ Cloud 9 LoL အသင်း တစ်သင်း ဖြစ်လာအောင် ဖန်တီးနိုင်ခဲ့တာ ကျွန်တော့် အတွက်တော့ အဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံတစ်ခုပါပဲ။ Sneaky လို ကစားသမား တစ်ယောက်နဲ့ လက်တွဲခွင့် ရခဲ့တဲ့ အတွက်လည်း တကယ်ကို ဂုဏ်ယူ ဝမ်းမြောက်မိပါတယ်။ ဒါ့အပြင် Sneaky တစ်ယောက် Cloud 9 LoL အသင်းရဲ့ အကြံပေးအဖြစ် ဆက်လက် တည်ရှိနေပေးတဲ့ အတွက်လည်း တကယ်ကို ကျေနပ်ဂုဏ်ယူမိပါတယ်။ Sneaky တစ်ယောက် ရှေ့ဆက်ပြီးတော့ အောင်မြင်မှုတွေ စွတ်ခူးနိုင်စေဖို့လည်း ဆုတောင်းပေးလိုက်ပါတယ်။”

Sneaky အနေနဲ့လည်း ပရိုဖက်ရှင်နယ် LoL ကစားသမား ဘဝကနေ စွန့်ခွာခဲ့ခြင်းနဲ့ ပတ်သတ်ပြီး အခုလိုပဲ ထုတ်ပြန်‌ကြေငြာသွားခဲ့ပါတယ်။

“Streaming ပြုလုပ်ရတာကို ကျွန်‌တော် အရင်ကတည်းက အတော်ကို ကြိုက်နှစ်သက်ပါတယ်။ Streaming ပြုလုပ်ရတာ ပရိသတ်တွေနဲ့ ရင်းနှီးမှုရစေသလို ကျွန်တော့် အစွမ်းအစတွေကို ထုတ်ဖော် ပြသရတာလည်း ပိုမို လွယ်ကူတယ်လို့ ထင်မြင်မိပါတယ်။ ဒါ့အပြင် Streaming ပြုလုပ်နေတဲ့ အချိန်မှာ ပျော်ရွှင်မှုတွေကို ခံစားရတာကြောင့် အခုလို အမြဲတမ်း Streamer ဘဝကို ခံယူဖို့ ဆုံးဖြတ်ချက်ချခဲ့ရတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကျွန်တော် ပရိုဖက်ရှင်နယ် LoL ကစားသမား ဘဝကနေ အပြီးတိုင် အနားယူသွားခဲ့တာတော့ မဟုတ်ပါဘူး။ ကျွန်တော့် သွေးကြောထဲမှာ ပြိုင်ပွဲဝင်ချင်စိတ်တွေ ပြန်လည် ဆူပွက်လာတာနဲ့ ပရိုဖက်ရှင်နယ် LoL ကစားသမား ဘဝကို ပြန်လည် ခံယူသွားမှာ ဖြစ်ပါတယ်။”

ဒါ့အပြင် Sneaky အနေနဲ့ Streamer အဖြစ် အပြင် ယခင်အချိန်တွေတုန်းကလို Cosplayတွေကိုလည်း အချိန်ရရင်ရသလို ပြန်လည် ပြုလုပ်သွားမှာဖြစ်ကြောင်း ကြေငြာသွားခဲ့ပါတယ်။ တကယ်လို့ သင့်အနေနဲ့ Sneaky ရဲ့ Streaming တွေကို ကြည့်ရှုချင်တယ်ဆိုရင် သူ့ရဲ့ ကိုယ်ပိုင် Twitch Channel ကနေ တစ်ဆင့် ဝင်ရောက် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

REF: OneEsports, Invenglobal