နည်းပြဘဝကို ခံယူသွားတော့မယ့် နာမည်ကျော် LoL ကစားသမား Clearlove

နည်းပြဘဝကို ခံယူသွားတော့မယ့် နာမည်ကျော် LoL ကစားသမား Clearlove

ပရိုဖက်ရှင်နယ် LoL အသင်း Edward Gaming မှာ ကာလရှည်ကြာ Jungler တစ်ဦးအဖြစ် ကစားခဲ့သူ Ming “Clearlove” Kai အနေနဲ့ 2020 LoL ရာသီမှာတော့ ကစားသမား ဘဝကနေ အနားယူသွားတော့မှာ ဖြစ်ပါတယ်။ Clearlove အနေနဲ့ ကစားသမား ဘဝကနေ အနားယူသွားမှာ ဖြစ်ပေမယ့်လည်း Edward Gaming LoL အသင်းရဲ့ နည်းပြချုပ် ဘဝကို ခံယူသွားမှာ ဖြစ်ပါတယ်။

Clearlove

Clearlove ဆိုတာကတော့ LoL လောကရဲ့ အတွေ့အကြုံ အရင့်ဆုံး ကစားသမားတွေ အထဲမှာ တစ်ဦး အပါအဝင် ဖြစ်သလို အောင်မြင်မှုပေါင်း များစွာကို စွတ်ခူးနိုင်ခဲ့တဲ့ ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။ League of Legends ဂိမ်း စတင် ပေါ်ပေါက်လာခဲ့ပြီး သိပ်မကြာခင် အချိန်မှာ ပရိုဖက်ရှင်နယ် LoL ကစားသမား ဘဝကို ခံယူခဲ့တဲ့ Clearlove အနေနဲ့ Team We နဲ့အတူ IPL 5, IEM Season 8 Shanghai စတဲ့ နိုင်ငံတကာ LoL ပြိုင်ပွဲတွေမှာ အောင်မြင်မှုတွေကို စွတ်ခူးနိုင်ခဲ့ပါတယ်။

Team We နဲ့အတူ ကောင်းမွန်တဲ့ လက်စွမ်းလက်နတွေကို ပြသနိုင်ခဲ့တာကြောင့် Clearlove တစ်ယောက် Edward Gaming ရဲ့ ခေါ်ယူခြင်းကို ခံယူခဲ့ရပါတယ်။ Edward Gaming ကို ရောက်ရှိခဲ့တဲ့ အချိန်က စတင်ပြီး ၆ နှစ်တိုင်တိုင် အသင်းရဲ့ အဓိက ကစားသမား တစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့သလို EDG အသင်းနဲ့အတူ LPL ဆုဖလား ၅ ကြိမ်၊ MSI Championship တစ်ကြိမ်ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Clearlove

ကစားသမားဘဝနဲ့ ၁၀ နှစ်နီးပါး ဖြတ်သန်းပြီးတဲ့ အချိန်မှာတော့ Clearlove အနေနဲ့ နည်းပြဘဝကို ကူးပြောင်းလို့ သွားခဲ့ပြီ ဖြစ်ပါတယ်။ Edward Gaming အနေနဲ့ LPL ပြိုင်ပွဲတွေမှာ (၂) နှစ်ဆက် အောင်မြင်မှုတွေနဲ့ ဝေးကွာခဲ့ရသလို 2019 LoL World Championship ပြိုင်ပွဲကြီးမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ကိုလည်း ရရှိခဲ့ခြင်း မရှိခဲ့ပါဘူး။

အခုလို Clearlove တစ်ယောက် Edward Gaming LoL အသင်းရဲ့ နည်းပြချုပ် ရာထူးကို ခံယူသွားမှာ ဖြစ်တာကြောင့် Edward Gaming ရဲ့ နည်းပြချုပ်ဟောင်းဖြစ်သူ Lee “Heart” Gwan Hyun အနေနဲ့ လက်ထောက်နည်းပြ အဖြစ် ပြောင်းလဲ တာဝန်ယူသွားမလား ဒါမှမဟုတ် အသင်းကနေ ထွက်ခွာသွားမလား ဆိုတာကိုတော့ သိရှိရခြင်း မရှိသေးပါဘူး။

Mata

မကြာသေးမီ အချိန်က SKT LoL အသင်းနဲ့အတူ အောင်မြင်မှုပေါင်း များစွာကို စွတ်ခူးနိုင်ခဲ့တဲ့ Cho “Mata” Se Hyeon အနေနဲ့ RNG LoL အသင်းရဲ့ နည်းပြဘဝကို ခံယူသွားခဲ့သလို ယခုအခါမှာ Clearlove အနေနဲ့လည်း နည်းပြဘဝကို ပြောင်းလဲသွားခဲ့ပြီ ဖြစ်တာကြောင့် ကစားသမား ဘဝမှာ အောင်မြင်မှုတွေ ကိုယ်စီ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ Mata နဲ့ Clearlove တို့ အနေနဲ့ နည်းပြဘဝမှာပါ အောင်မြင်မှုတွေကို သိမ်းပိုက်နိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports