MDL Chengdu Major ကနေ နှုတ်ဆက်ထွက်ခွာ သွားရပြီဖြစ်တဲ့ CIS ဒေသ ကိုယ်စားပြု Dota 2 အသင်းများ

MDL Chengdu Major ကနေ နှုတ်ဆက်ထွက်ခွာ သွားရပြီဖြစ်တဲ့ CIS ဒေသ ကိုယ်စားပြု Dota 2 အသင်းများ

2019-2020 ရာသီရဲ့ ပထမဆုံး Major ပြိုင်ပွဲကြီးဖြစ်တဲ့ MDL Chengdu Major ကို တရုတ်နိုင်ငံ၊ Chengdu မြို့တော်မှာ နိုဝင်ဘာလ (၁၆) ရက်နေ့မှာ စတင်ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ပြိုင်ပွဲစတင်ပြီး သုံးရက်ခန့် အကြာမှာတော့ MDL Chengdu Major ကနေ နှုတ်ဆက်ထွက်ခွာ သွားရတဲ့ အသင်းအချို့လည်း ထွက်ပေါ်လို့ လာခဲ့ပြီ ဖြစ်ပါတယ်။

MDL Chengdu Major ပြိုင်ပွဲအတွက် စုစုပေါင်း ဆုကြေးငွေ အမေရိကန်‌ဒေါ်လာ (၁) သန်းခန့် ချီးမြှင့်သွားမှာ ဖြစ်တဲ့အပြင် DPC Points (15000) ကို ဝင်ရောက် ယှဉ်ပြိုင်တဲ့ အသင်းတွေကို ခွဲဝေ ပေးအပ်သွားမှာ ဖြစ်တာကြောင့် ပြိုင်ပွဲဝင် အသင်းတွေ အနေနဲ့ အစွမ်းကုန် ကြိုးစား ယှဥ်ပြိုင်ခဲ့ကြပါတယ်။

MDL Chengdu Major မှာ CIS ဒေသ ကိုယ်စားပြု အသင်းများအဖြစ် Gambit Esports နဲ့ Team Spirts တို့အနေနဲ့ ဝင်ရောက် ယှဥ်ပြိုင်ခဲ့ကြပေမယ့် အုပ်စုတွင်း ပွဲစဥ်မှာလည်း မရှုမလှ ရှုံးနိမ့်ခဲ့တာကြောင့် Playoffs အဆင့်မှာ Lower Bracket ကနေသာ စတင် ယှဥ်ပြိုင်ခွင့် ရရှိခဲ့ပါတယ်။

Gambit Dota 2 အသင်း အနေနဲ့ 2019-2020 ရာသီ အစမှ ကစားသမား အသစ်တွေနဲ့ ပြန်လည် ဖွဲ့စည်းခဲ့တာ ဖြစ်ပေမယ့် ESL One Hamburg 2019 မှာ Gambit Esports အနေနဲ့ ဒုတိယဆုကို စွတ်ခူးနိုင်ခဲ့တာကြောင့် ယခု ပြိုင်ပွဲမှာလည်း CIS အသင်းတွေ ကိုယ်စား ဂုဏ်ဆောင်နိုင်လိမ့်မယ်လို့ ပရိသတ်တွေက မျှော်လင့်ထားကြပါတယ်။

ဒါ့အပြင် Team Spirit ဆိုတာကလည်း Dota 2 ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား ကစားသမားတွေဖြစ်တဲ့ ILTW, Immersion, Ghostik စတဲ့ အရည်အချင်းရှိ ကစားသမားတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်တာကြောင့် အောင်မြင်မှုတွေကို စွတ်ခူးနိုင်မယ်လို့ CIS ပရိသတ်တွေ အနေနဲ့ မျှော်လင့်ထားကြပါတယ်။

ဒါပေမယ့်လည်း CIS ကိုယ်စားပြု အသင်းနှစ်သင်းလုံး အုပ်စုပွဲစဥ်တွေမှာ နိုင်ပွဲရရှိခဲ့ခြင်း မရှိပဲ Lower Bracket မှာ Gambit အနေနဲ့ တရုတ်နိုင်ငံ ကိုယ်စားပြု Dota 2 အသင်း Team Aster ၊ Team Spirt အနေနဲ့လည်း တရုတ်နိုင်ငံ ကိုယ်စားပြု Dota 2 အသင်း EHome တို့နဲ့ ယှဥ်ပြိုင်ခဲ့ရပါတယ်။

Lower Bracket Round (1) ပွဲစဥ်တွေ ဖြစ်တာနဲ့အညီ Best of 1 အဖြစ် ယှဥ်ပြိုင်ရတာ ဖြစ်တာကြောင့် အမှားအနည်းငယ် လုပ်မိတာနဲ့ ပြိုင်ပွဲကနေ နှုတ်ဆက် ထွက်ခွာသွားရမှာ ဖြစ်ပါတယ်။ Team Spirt vs Ehome ပွဲစဥ်မှာ Team Spirit အနေနဲ့ ပွဲစဥ်အစပိုင်းမှာ ပြိုင်ပွဲကို ထိန်းချုပ်နိုင်ခဲ့ပေမယ့်လည်း Ehome ဘက်က High Ground ဖိအားပေးလာတဲ့ အချိန်မှာ Team Spirit အသင်းသားတွေ အနေနဲ့ အမှားအယွင်းတွေ ပြုလုပ်ခဲ့မိတာကြောင့် မိနစ် (၃၀) ခန့်မှာ အရှုံးပေးခဲ့ရပြီး ပြိုင်ပွဲကနေ နှုတ်ဆက် ထွက်ခွာသွားခဲ့ရပါတယ်။

Team Aster vs Gambit Esports တို့ရဲ့ ပွဲစဥ်မှာလည်း Aster အသင်းရဲ့ Mid ကစားသမား “Chyuan” နဲ့ Carry ကစားသမား “Sccc” တို့ရဲ့ အထူးလက်စွမ်းပြမှုနဲ့ အတူ မိနစ် (၃၀) ခန့်မှာ Gambit Esports အနေနဲ့ အရှုံးပေးခဲ့ရပြီး ပြိုင်ပွဲကနေ နှုတ်ဆက် ထွက်ခွာသွားခဲ့ရပါတယ်။

ယခင်နှစ်တွေတုန်းက CIS ဒေသတွင်း အင်အားကြီး အသင်းတစ်ခုဖြစ်တဲ့ VP Dota 2 အသင်း အနေနဲ့ နိုင်ငံတကာ အောင်မြင်မှုတွေကို စွတ်ခူးနိုင်ခဲ့ပေမယ့် CIS ဒေသတွင်း အခြားသော Dota 2 အသင်းတွေ အနေနဲ့ နိုင်ငံတကာ ပြိုင်ပွဲတွေမှာ အောင်မြင်မှုတွေနဲ့ ဝေးကွာနေခဲ့တာ အချိန် အတော်ကြာခဲ့ပြီ ဖြစ်ပါတယ်။

နာမည်ကျော် ရုရှား Dota 2 Caster တစ်ဦးဖြစ်သူ “v1lat” အနေနဲ့လည်း သူ့ရဲ့ Twitter စာမျက်နှာကနေ တစ်ဆင့် CIS Dota 2 အသင်းတွေရဲ့ လက်ရှိအခြေအနေကို အပြစ်တင် ဝေဖန်သွားခဲ့ပါတယ်။

လက်ရှိအချိန်မှာ VP Dota 2 အသင်းကလည်း ပြန်လည် ဖွဲ့စည်းနေစဲ အခြေအနေမှာသာ တည်ရှိနေသေးတာကြောင့် CIS ‌ဒေသတွင်း Dota 2 အသင်းတွေ အနေနဲ့ နောင်ကျင်းပသွားမယ့် Major/ Minor ပြိုင်ပွဲတွေမှာ အောင်မြင်မှုတွေကို သိမ်းပိုက်ပြီး CIS Dota 2 ပရိသတ်တွေရဲ့ နှစ်သက်အားရမှုကို ပြန်လည် ရယူနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports