နောက်ဆုံးလက်ကျန် Dota 2 ကစားသမားကို အသင်းကနေ အနားပေးလိုက်ပြီဖြစ်တဲ့ Chaos Esports

နောက်ဆုံးလက်ကျန် Dota 2 ကစားသမားကို အသင်းကနေ အနားပေးလိုက်ပြီဖြစ်တဲ့ Chaos Esports

Chaos Esports အနေနဲ့ 2018-2019 DPC ရာသီမှာ ကစားသမား အပြောင်းအလဲပေါင်း မြောက်များစွာ ပြုလုပ်ခဲ့ပေမယ့် အောင်မြင်မှုတွေ မယ်မယ်ရရ စွတ်ခူးနိုင်ခဲ့ခြင်း မရှိသလို The International 2019 မှာလည်း အုပ်စုနောက်ဆုံး အဆင့်ကိုသာ ရရှိခဲ့ပြီး ပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာသွားခဲ့ရပါတယ်။

Then International 2019 မှာ Chaos Esports ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြတဲ့ ကစားသမားတွေဖြစ်တဲ့ vtFaded, KheZu နဲ့ Milan တို့အနေနဲ့ TI 9 ပြီးဆုံးသွားစဉ်အချိန်မှာ အသင်းသစ်တွေ ကိုယ်စီကို ထွက်ခွာသွားခဲ့ကြပြီး Matubaman အနေနဲ့လည်း ကစားသမားဘဝကနေ ခေတ္တအနားယူလို့ သွားခဲ့ကြပါတယ်။ ဒါကြောင့် Chaos Dota 2 အသင်းရဲ့ ကပ္ပတိန်လည်းဖြစ်၊ သက်တော်ရှည် ကစားသမားတစ်ဦးလည်းဖြစ်တဲ့ Misery တစ်ဦးသာ အသင်းမှာ ကျန်ရှိနေခဲ့ပါတယ်။

Misery အနေနဲ့ Chaos Dota 2 အသင်းအဖြစ် နာမည် မပြောင်းလဲခင် Digital Chaos Dota 2 အသင်းအဖြစ် Dota 2 လောကမှာ ရပ်တည်ခဲ့စဉ် အချိန်ကတည်းက Chaos Dota 2 အသင်းမှာ သစ္စာရှိရှိ ကစားခဲ့တဲ့ ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။ Misery ရဲ့ ဦးဆောင်မှုနဲ့အတူ Digital Chaos Dota 2 အသင်းအနေနဲ့ The International 2016 မှာ ဒုတိယဆုကို စွတ်ခူးနိုင်ခဲ့ပါတယ်။

ဒါကြောင့် Dota 2 ပရိသတ်တွေ အနေနဲ့ Misery တစ်ယောက် Chaos Dota 2 အသင်းကို 2019-2020 DPC ရာသီမှာ မည်သို့မည်ပုံ ပြန်လည်ဖွဲ့စည်းမယ် ဆိုတာကို စိတ်ဝင်တစား စောင့်ကြည့်နေခဲ့ကြပါတယ်။ ဒါပေမယ့်လည်း လက်ရှိအချိန်မှာတော့ Chaos Dota 2 အသင်း ဖျက်သိမ်းခြင်းနဲ့အတူ Misery နဲ့ Chaos Esports အဖွဲ့အစည်းတို့ရဲ့ လက်တွဲမှုကလည်း နိဌိတံလို့ သွားခဲ့ပြီ ဖြစ်ပါတယ်။

Misery နဲ့ပတ်သတ်ပြီး Chaos Esports အဖွဲ့အစည်းရဲ့ Website မှာအောက်ပါအတိုင်း ရေးသားဖော်ပြခဲ့ပါတယ်။

“Misery ကြောင့် ကျွန်တော်တို့ အဖွဲ့အစည်း အခုလို အခြေအနေ ရောက်ရှိလာခဲ့တယ်ဆိုတာ ဘယ်လိုမှ ငြင်းလို့မရတဲ့ အမှန်တရား တစ်ခုပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ Chaos Esports အဖွဲ့အစည်း အနေနဲ့လည်း Misery ရဲ့ စွမ်းဆောင်ရည်တွေနဲ့ ပတ်သတ်ပြီး အမြဲတမ်း ကျေးဇူးတင်နေမှာပါ။”

ဒါ့အပြင် Chaos Esports အဖွဲ့အစည်းရဲ့ CEO ဖြစ်တဲ့ Greg Laird ကလည်း Misery နဲ့ ပတ်သတ်ပြီး အောက်ပါအတိုင်း ပြောကြားသွားခဲ့ပါတယ်။

“Misery အနေနဲ့ ကျွန်တော်တို့ အဖွဲ့အစည်း ကြီးထွားလာအောင်၊ ဖွံ့ဖြိုးတိုးတက်လာအောင် များစွားသော အထောက်အကူတွေကို ပေးစွမ်းခဲ့ပါတယ်။ Misery နဲ့ ကျွန်တော်က ဒီနှစ်ပိုင်းတွေ အတွင်းမှာ သူငယ်ချင်းကောင်းတွေ အဖြစ် တည်ရှိနေခဲ့တာကြောင့် အခုလိုမျိုး လက်တွဲဖြုတ်လိုက်ရတဲ့ အတွက် တကယ်ကို စိတ်မကောင်းဖြစ်မိပါတယ်။ Misery တစ်ယောက် ရှေ့ဆက်လျှောက်မယ့် လမ်းခရီးမှာလည်း ဖြောင့်ဖြူးပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ “

လက်ရှိအချိန်မှာ Misery တစ်ယောက် အသင်းလက်မဲ့ ဖြစ်နေပေမယ့် Misery လိုအတွေ့အကြုံရှိ ခေါင်းဆောင်ကောင်း တစ်ယောက်ကို လိုချင်နေတဲ့ အသင်းကောင်းတွေ မြောက်များစွာ တည်ရှိနေတာကြောင့် မကြာခင် အချိန်အတွင်းမှာ Misery ကို အသင်းသစ်နဲ့အတူ ပြန်လည်မြင်တွေ့ရမယ်လို့ မျှော်လင့်မိပါတယ်။

REF: VpEsports