ရုရှားနိုင်ငံသား Offlane ကစားသမားကို ခေါ်ယူလိုက်တဲ့ Chaos Esports

ရုရှားနိုင်ငံသား Offlane ကစားသမားကို ခေါ်ယူလိုက်တဲ့ Chaos Esports

အမေရိကန်နိုင်ငံ အခြေစိုက် ပရိုဖက်ရှင်နယ် Dota 2 အသင်း တစ်သင်းဖြစ်တဲ့ Quincy Crew (ယခု Chaos Esports) အနေနဲ့ စတင် ဖွဲ့စည်းခဲ့စဉ် အချိန်က Evil Genius Dota 2 အသင်းရဲ့ နာမည်ကျော် ကစားသမားလည်းဖြစ်၊ TI ချန်ပီယံလည်းဖြစ်တဲ့ Sumail ပါဝင်မှုနဲ့အတူ Dota 2 ပရိသတ်တွေရဲ့ သတိထား စောင့်ကြည့်မှုတွေကို ခံယူနိုင်ခဲ့ပါတယ်။

Quincy Crew (ယခု Chaos Esports) အဖွဲ့သားတွေ အနေနဲ့ 2019-2020 DPC ရာသီရဲ့ ပထမဆုံး Minor ပြိုင်ပွဲဖြစ်တဲ့ Dota Summit 11 လက်ရည်စစ်ပွဲ တစ်လျှောက် ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့တဲ့ အပြင် လက်ရည်စစ်ပွဲကို အောင်မြင်ခဲ့တာကြောင့် Dota Summit 11 Minor ပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲနိုင်မယ့် အသင်း တစ်သင်းအဖြစ် ပရိသတ် အများစုရဲ့ ထင်ကြေးပေးခြင်းကို ခံခဲ့ရပါတယ်။

ဒါပေမယ့် Dota Summit 11 Minor လက်ရည်စစ်ပွဲ အောင်မြင်ပြီး သိပ်မကြာခင် အချိန်အတွင်းမှာပဲ Sumail တစ်ယောက် Quincy Crew Dota 2 အသင်းကနေ အကြောင်းပြချက်မရှိ ထွက်ခွာသွားခဲ့ပါတယ်။ Sumail ထွက်ခွာသွားခဲ့ပေမယ့်လည်း လက်ရည်စစ်ပွဲ တစ်လျှောက် ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့တာကြောင့် Esports အဖွဲ့အစည်းကြီး တစ်ခုဖြစ်တဲ့ Chaos Esports Club အနေနဲ့ Quincy Crew အဖွဲ့သားတွေကို ခေါ်ယူခဲ့ပါတယ်။

ဒါကြောင့် လစ်လပ်သွားတဲ့ Sumail ရဲ့ နေရာမှာ အစားထိုးဖို့ အတွက် Chaos Dota 2 အသင်း အနေနဲ့ Team Singularity ရဲ့ Offlane ကစားသမား Jonas “SabeRLight” Volek ကို အငှားကစားသမားအဖြစ် ခေါ်ယူခဲ့ပါတယ်။

ကစားသမား အသစ်ဖြစ်သူ SabeRLight နဲ့ လေ့ကျင့်ချိန် အများအပြား ရရှိခဲ့ခြင်း မရှိပေမယ့်လည်း Chaos Esports အသင်းသားတွေ အနေနဲ့ Dota Summit 11 ပြိုင်ပွဲမှာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့ပြီး ဗိုလ်လုပွဲစဉ်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဗိုလ်လုပွဲစဉ်မှာ တရုတ်နိုင်ငံ အခြေစိုက် အင်အားကြီး Dota 2 အသင်း တစ်သင်းဖြစ်တဲ့ Invictus Gaming ကို သုံးပွဲပြတ်ဖြင့် ရှုံးနိမ့်ခဲ့တာကြောင့် ဒုတိယဆုနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

Dota Summit 11 ပြိုင်ပွဲ ပြီးဆုံးသွားချိန်မှာတော့ SabeRLight အနေနဲ့ မိခင် အသင်း Team Singularity ကို ပြန်သွားခဲ့ရခြင်းနဲ့အတူ Chaos Esports Dota 2 အသင်းမှာ ကစားသမား လေးဦးသာ ကျန်ရှိခဲ့ပါတော့တယ်။ ဒါကြောင့် ထပ်မံ လစ်လပ်သွားတဲ့ Offlane နေရာမှာ အစားထိုးဖို့ အတွက် Chaos Esports Dota 2 အသင်း အနေနဲ့ ရုရှားနိုင်ငံသား Offlane ကစားသမား DM ကို ထပ်မံ ခေါ်ယူလိုက်ရတာ ဖြစ်ပါတယ်။

Chaos Esports Dota 2 အသင်းရဲ့ လက်ရှိကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Yawar “YawaR” Hassan – Pos 1
  • Quinn “CCnC” Callahan – Pos 2
  • Dmitry “DM” Dorokhin – Pos 3
  • Arif “MSS” Anwar – Pos 4
  • Avery “SVG” Silverman – Pos 5

DM အနေနဲ့ ပရိုဖက်ရှင်နယ် Dota 2 ကစားသမား ဘဝကို စတင်ခဲ့စဉ် အချိန်မှာ Mid ကစားသမား တစ်ဦးအဖြစ် စတင်ခဲ့ပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ HellRaisers Dota 2 အသင်းမှာတော့ Offlane ကစားသမားအဖြစ် ပြောင်းရွေ့ကစားခဲ့ပြီး Dota Summit 11 Minor ပြိုင်ပွဲမှာ HR အသင်းနဲ့အတူ တတိယဆုကို စွတ်ခူးနိုင်ခဲ့ပါတယ်။

CIS ဒေသတွင်း ကစားသမားတွေ အနေနဲ့ နိုင်ငံတကာ Dota 2 အသင်းတွေမှာ ပြောင်းရွေ့ကစားတဲ့ အခါမှာ အဓိက ရင်ဆိုင်ရလေ့ရှိတဲ့ အခက်အခဲကတော့ ဘာသာစကား အခက်အခဲပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း CIS ဒေသတွင်း ကစားသမားတွေ အနေနဲ့ များသောအားဖြင့် နိုင်ငံတကာ Dota 2 အသင်းတွေကို ပြောင်းရွေ့ကစားဖို့/ အင်္ဂလိပ်စကားပြော Dota 2 အသင်းတွေကို ပြောင်းရွေ့ကစားဖို့ အတွက် စိုးရွံ့လို့နေခဲ့ပါတယ်။

လက်ရှိအချိန်မှာ CIS ဒေသရဲ့ နာမည်ကျော် ကစားသမား တစ်ဦးဖြစ်တဲ့ Ramzes အနေနဲ့ Evil Genius Dota 2 အသင်းကို ပြောင်းရွေ့ခဲ့ပြီး အသင်းနဲ့ အထိုင်မကျခင် အချိန်လည်းဖြစ်၊ အင်္ဂလိပ် ဘာသာစကားကို သင်ယူ လေ့လာနေစဲဖြစ်တဲ့ အချိန်မှာတောင် MDL Chengdu Major မှာ စတုတ္ထဆုကို စွတ်ခူးနိုင်ခဲ့ပါတယ်။

Ramzes

ဒါကြောင့် DM အနေနဲ့လည်း ဘာသာစကား အခက်အခဲကို ကျော်ဖြတ်နိုင်ခဲ့မယ်ဆိုရင် Chaos Esports Dota 2 အသင်းနဲ့အတူ အောင်မြင်မှုတွေကို စွတ်ခူးနိုင်ဖို့ အတွက် ရာခိုင်နှုန်း များသွားမှာ ဖြစ်တာကြောင့် ရုရှားသားလေး DM တစ်ယောက် ဘာသာစကား အခက်အခဲကို ကျော်ဖြတ်နိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: AfkGaming