One Esports Dota 2 World Pro Invitational ပြိုင်ပွဲကြီးမှာ မြင်တွေ့ရမှာဖြစ်တဲ့ နာမည်ကျော် Cosplayer KIYO

One Esports Dota 2 World Pro Invitational ပြိုင်ပွဲကြီးမှာ မြင်တွေ့ရမှာဖြစ်တဲ့ နာမည်ကျော် Cosplayer KIYO

One Esports Dota 2 World Pro Invitational ပြိုင်ပွဲ ဆိုတာကတော့ အရှေ့တောင်အာရှ ဒေသတွင်းမှာ ကျင်းပလျက်ရှိတဲ့ Valve ပြင်ပ Dota 2 ပြိုင်ပွဲတွေ အထဲမှာ အကြီးမားဆုံး Dota 2 ပြိုင်ပွဲဖြစ်လာမယ့် ပြိုင်ပွဲကြီး တစ်ခုပဲ ဖြစ်ပါတယ်။ အဆိုပါ ပြိုင်ပွဲမှာ နိုင်ငံတကာမှ ပရိုဖက်ရှင်နယ် Dota 2 အသင်းပေါင်း ၁၂ သင်း ဝင်ရောက် ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ဆုကြေးငွေ ဒေါ်လာ ၅ သိန်းခန့် ပေးအပ်ချီးမြှင့်သွားမယ့် ပြိုင်ပွဲကြီး တစ်ခုပဲ ဖြစ်ပါတယ်။

အဆိုပါ ပြိုင်ပွဲကြီးကို စင်ကာပူနိုင်ငံ၊ Singapore Indoor Stadium မှာ ဒီဇင်ဘာလ ၁၇ ရက်နေ့ကနေ ဒီဇင်ဘာလ ၂၂ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပြီး Team Secret, PSG.LGD, Virtus Pro, Evil Geniuses, Natus Vincere, Vici Gaming, TNC Predator, Alliance, Gambit Esports, Team Aster, Team Liquid, J.Storm စတဲ့ ပရိုဖက်ရှင်နယ် Dota 2 အသင်းတွေ ဝင်ရောက် ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

ယခုအခါမှာတော့ စင်္ကာပူနိုင်ငံသူ တစ်ဦးလည်းဖြစ်၊ နာမည်ကျော် Cosplayer တစ်ဦးလည်းဖြစ်တဲ့ Kiyo အနေနဲ့ One Esports Dota 2 World Pro Invitational ပြိုင်ပွဲကြီးမှာ သူမအတွက် ပထမဆုံး Dota 2 Cosplay ကို ပြုလုပ်သွားမှာ ဖြစ်တဲ့အကြောင်း တရားဝင် ကြေငြာသွားခဲ့ပြီ ဖြစ်ပါတယ်။

Kiyo ဆိုတာကတော့ စင်္ကာပူနိုင်ငံ Cosplay လောကရဲ့ အထင်ကရ ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး နိုင်ငံတကာ Gaming Events တွေ၊ Cosplay ပြိုင်ပွဲတွေမှာ စင်္ကာပူနိုင်ငံ ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိတဲ့ Cosplayer အချောအလှလေး တစ်ဦးပဲ ဖြစ်ပါတယ်။

Kiyo အနေနဲ့ Cosplay လောကထဲကို ဝင်ရောက်ဖြစ်ခဲ့ပုံကို အခုလိုပဲ ရှင်းပြခဲ့ပါတယ်။

“၂၀၁၀ လောက်မှာ ကျွန်မရဲ့ သူငယ်ချင်းဖြစ်သူက Cosplay Event အသေးစား တစ်ခုကို ဦးဆောင် ကျင်းပခဲ့တယ်။ အဲဒီ Event ကို သူငယ်ချင်းနဲ့အတူ သွားရောက်ရင်း Cosplay လောကရဲ့ ချစ်စရာ ကောင်းပုံတွေ၊ အချင်းချင်း ရိုင်းပင်းကူညီမှုတွေကို မြင်တွေ့ခဲ့ရပါတယ်။ ဒါကြောင့် Cosplay လောကထဲကို စတင် ဝင်ရောက်ဖို့ အတွက် ဆုံးဖြတ်ချက် ချခဲ့ရတာ ဖြစ်ပါတယ်။”

Kiyo အနေနဲ့ Anime Character တွေ၊ Gaming Character ပေါင်းများစွာကို Cosplay ပြုလုပ်ခဲ့ပေမယ့် Dota 2 Character တွေကိုတော့ တစ်ကြိမ်တစ်ခါမှ Cosplay ပြုလုပ်ခဲ့ဖူးခြင်း မရှိသေးပါဘူး။ ဒါကြောင့် စင်္ကာပူနိုင်ငံသူ အချောအလှလေး Kiyo ရဲ့ ပထမဆုံး အကြိမ် Dota 2 Cosplay ကို မျက်ဝါးထင်ထင် မြင်တွေ့ချင်တယ် ဆိုရင်တော့ ဒီဇင်ဘာလ ၂၀ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ Singapore Indoor Stadium မှာ ကျင်းပသွားမယ့် One Esports Dota 2 Singapore World Pro Invitational ပြိုင်ပွဲကြီးကို သွားရောက် ကြည့်ရှုဖို့အတွက် ဒီနေရာကနေ တစ်ဆင့် အကြံပေးလိုက်ပါရစေ။

REF: OneEsports