MLBB World Championship 2019 ပြိုင်ပွဲကြီးရဲ့ Main Event ကို တက်ရောက်သွားနိုင်ခဲ့ပြီဖြစ်တဲ့ မြန်မာနိုင်ငံ ကိုယ်စားပြု MLBB အသင်း Burmese Ghouls

MLBB World Championship 2019 ပြိုင်ပွဲကြီးရဲ့ Main Event ကို တက်ရောက်သွားနိုင်ခဲ့ပြီဖြစ်တဲ့ မြန်မာနိုင်ငံ ကိုယ်စားပြု MLBB အသင်း Burmese Ghouls

Mobile Legends မှ ပထမဆုံး အကြိမ် ကြီးမှုးကျင်းပတဲ့ ကမ္ဘာ့ချန်ပီယံရှစ် ပြိုင်ပွဲကြီး Mobile Legends: Bang Bang World Championship 2019 ပြိုင်ပွဲကို Direct Invite အသင်း (၈) သင်း၊ ဒေသတွင်း လက်ရည်စစ်ပွဲတွေမှ တက်ရောက်လာတဲ့ အသင်း (၈) သင်း စုစုပေါင်း (၁၆) သင်းဖြင့် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ မြို့တော် Axiata Arena မှာ နိုင်ဝင်ဘာလ (၁၁) ရက်နေ့က စတင်ပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။

Mobile Legends: Bang Bang World Championship 2019 ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြု MLBB အသင်း Burmese Ghouls မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ Burmese Ghouls အနေနဲ့ အုပ်စု (B) မှာ မလေးရှားနိုင်ငံ ကိုယ်စားပြု Axis Esports ၊ အမေရိကန်နိုင်ငံ ကိုယ်စားပြု Team Gosu ၊ လာအိုနိုင်ငံ ကိုယ်စားပြု Candy Comeback စတဲ့ အသင်းတွေနဲ့ ယှဉ်ပြိုင်ခဲ့ရပါတယ်။

Burmese Ghouls အနေနဲ့ အုပ်စု (B) မှာ ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်တွေမှာ အိမ်ရှင် မလေးရှားအသင်းဖြစ်တဲ့ Axis Esports ကို ၂ ပွဲပြတ်အနိုင်၊ အမေရိကန်နိုင်ငံ ကိုယ်စားပြု Team Gosu ကို ၂ ပွဲပြတ်အနိုင်၊ လာအိုနိုင်ငံ ကိုယ်စားပြု Candy Comeback အသင်းကို ၂ ပွဲပြတ်အနိုင်တို့ဖြင့် အပြတ်အသတ် အနိုင်ယူပြီး ရှုံးပွဲမရှိ ရလဒ်နဲ့အတူ အုပ်စု (B) ရဲ့ အုပ်စုဗိုလ်နေရာကို ရမှတ်ပြည့် (၉) မှတ်ဖြင့် သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အခုလို ရှုံးပွဲမရှိ ရလဒ်ဖြင့် အုပ်စုပထမနေရာကို သိမ်းပိုက်နိုင်ခဲ့တာကြောင့် ပြိုင်ဘက်အသင်းတွေ၊ နိုင်ငံတကာ ပရိသတ်တွေရဲ့ လေးစာမှုကိုပါ အရယူနိုင်ခဲ့ပါတယ်။

အုပ်စုဗိုလ် နေရာဖြင့် Main Event ကို တက်လှမ်းနိုင်ခဲ့တဲ့ မြန်မာနိုင်ငံ ကိုယ်စားပြု Burmese Ghouls MLBB အသင်းအနေနဲ့ Upper Bracket အဆင့်မှာ အုပ်စု (D) မှ ပထမနေရာကို သိမ်းပိုက်နိုင်ခဲ့တဲ့ အသင်းနဲ့ ယှဥ်ပြိုင် ကစားသွားရမှာ ဖြစ်ပါတယ်။ အုပ်စု (D) မှာတော့ အင်ဒိုနီးရှားနိုင်ငံ ကိုယ်စားပြု Evos Legends ၊ ဖိလစ်ပိုင်နိုင်ငံ ကိုယ်စားပြု Onic Esports ၊ ရုရှားနိုင်ငံ ကိုယ်စားပြု Deus Vult ၊ ဂျပန်နိုင်ငံ ကိုယ်စားပြု 10 Second Gaming Plus စတဲ့ အသင်းတွေ ယှဥ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

Main Event ပွဲစဉ်များကို နိုဝင်ဘာလ (၁၅) ရက်နေ့မှာ စတင်ကျင်းပသွားမှာဖြစ်ပြီး Mobile Legend App ကနေ တစ်ဆင့် ပွဲစဉ်များကို တိုက်ရိုက်ကြည့်ရှုနိုင်မှာ ဖြစ်သလို Mobile Legend YouTube Channel ကနေ တစ်ဆင့်လည်း ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

နိုဝင်ဘာလ အစပိုင်းမှာ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ ကျင်းပ ပြီးစီးသွားခဲ့တဲ့ World Electronic Sports Games 2019 Southeast Asia Finals ပြိုင်ပွဲမှာလည်း မြန်မာနိုင်ငံ ကိုယ်စားပြု Dota 2 အသင်း Team Cyanide အနေနဲ့ တတိယဆုကို စွတ်ခူးနိုင်ခဲ့တာကြောင့် ယခု ကျင်းပနေတဲ့ MLBB M1 2019 Championship ပြိုင်ပွဲမှာလည်း မြန်မာနိုင်ငံ ကိုယ်စားပြု MLBB အသင်း Burmese Ghouls အနေနဲ့ ဘယ်လို အောင်မြင်မှုတွေကို သိမ်းပိုက်သွားမယ် ဆိုတာကိုတော့ ရင်ခုန်စွာနဲ့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Ref: Burmese Ghouls, OneEsports