နည်းပြဘဝကို ခံယူလိုက်ပြီဖြစ်တဲ့ TI ချန်ပီယံ Dota 2 ကစားသမားဟောင်း Blink

နည်းပြဘဝကို ခံယူလိုက်ပြီဖြစ်တဲ့ TI ချန်ပီယံ Dota 2 ကစားသမားဟောင်း Blink

မကြာသေးမီ အချိန်က Blink အနေနဲ့ တရုတ်နိုင်ငံ အခြေစိုက် ပရိုဖက်ရှင်နယ် Dota 2 အသင်းသစ် You Know Who ကို နည်းပြသွားမှာ ဖြစ်ကြောင်း တရားဝင် ကြေငြာသွားခဲ့ပါတယ်။ You Know Who Dota 2 အသင်းကို လူငယ်ကစားသမား အများစုနဲ့ ဖွဲ့စည်းထားပြီး Wings Gaming မှာ Blink နဲ့အတူ The International 2016 ချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ Ice Ice ကတော့ Pos 4 ကစားသမား အဖြစ် ဝင်ရောက် ကစားသွားမှာ ဖြစ်ပါတယ်။

TI 6 ပြီးဆုံးသွားချိန်မှာ Wings Gaming အဖွဲ့အစည်းနဲ့ ကစားသမားတွေ အကြား ငွေရေးကြေးရေး အရှုပ်အထွေးတွေ ရှိခဲ့ပြီး ကစားသမားတွေလည်း တစ်ကွဲတပြားစီ ဖြစ်သွားခဲ့ပါတယ်။ Blink အနေနဲ့ TI 6 ပြီးဆုံးသွားချိန်မှာ Wings Gaming ကို စွန့်ခွာပြီး Team Random, Sun Gaming စတဲ့ အသင်းတွေမှာ ကစားခဲ့ပေမယ့် အောင်မြင်မှုတွေကို သိမ်းပိုက်နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ ၂၀၁၈ ခုနှစ် ၈ လပိုင်းမှာတော့ Blink တစ်ယောက် ပရိုဖက်ရှင်နယ် Dota 2 ကစားသမားဘဝကနေ အနားယူတော့မှာ ဖြစ်ကြောင်း ကြေငြာသွားခဲ့ပါတယ်။

၂၀၁၈ နှစ်ကုန်ပိုင်းကနေ စတင်ပြီး ပရိုဖက်ရှင်နယ် Dota 2 လောကကနေ ပျောက်ကွယ်သွားခဲ့တဲ့ Blink တစ်ယောက် You Know Who ဆိုတဲ့ အသင်းသစ်မှာ နည်းပြ ရာထူးကို တာဝန်ယူပြီး Dota 2 လောကထဲကို ပြန်လည် ဝင်ရောက်လို့ လာခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံ အခြေစိုက် မီဒီယာကြီး တစ်ခုဖြစ်တဲ့ Max+ အနေနဲ့ Blink ကို ရှေ့ဆက်လျှောက်မယ့် ခရီးလမ်းနဲ့ ပတ်သတ်ပြီး အခုလိုပဲ မေးမြန်းခဲ့ပါတယ်။

Q: မင်္ဂလာပါ Blink။ အင်တာဗျူးကို လက်ခံပေးလို့လည်း ကျေးဇူးတင်ပါတယ်။ ခင်ဗျားအနေနဲ့ You Know Who ဆိုတဲ့ Dota 2 အသင်းကို နည်းပြသွားတော့မယ်လို့ သတင်းတွေ ကြားထားပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သတ်ပြီး နည်းနည်းလောက် ရှင်းပြပေးပါဦး။

A: အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော့်ကို You Know Who Dota 2 အသင်းရဲ့ ပိုင်ရှင်က နည်းပြလုပ်ဖို့ ကမ်းလှမ်းခဲ့တာကြောင့် အခုရာထူးကို လက်ခံလိုက်တာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ အသင်းရဲ့ Bootcamp ကတော့ ရှန်ဟိုင်းမြို့တော်မှာ တည်ရှိနေပါတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ အသင်းအနေနဲ့ China Dota 2 Development League မှာ ယှဉ်ပြိုင်ခွင့်ရဖို့အတွက် လက်ရည်စစ်ပွဲကို ဝင်ရောက် ဆင်နွှဲသွားမှာပါ။ ကျွန်တော်တို့ အသင်းရဲ့ Pos 1 ကစားသမား Neo နဲ့ Pos 5 ကစားသမား Hope တို့ကတော့ လူငယ်ကစားသမားတွေပဲ ဖြစ်ပါတယ်။ ကျန်တဲ့ ကစားသမားတွေကတော့ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား ကစားသမားတွေဖြစ်တဲ့ Zyd, Xiayou, Ice Ice တို့ပဲ ဖြစ်ပါတယ်။

Q: Zyd နဲ့ Ice Ice ကလွဲပြီး ကျန်တဲ့ကစားသမားတွေက ပရိသတ်တွေနဲ့ ရင်နှီးမှု သိပ်မရှိသေးတဲ့ ကစားသမားတွေလို့ ထင်မြင်မိပါတယ်။ ဒီကစားသမားတွေကို ခင်ဗျား ကိုယ်တိုင်ကိုယ်ကျ ရွေးချယ်ခဲ့တာလား ဆိုတာနဲ့ ပတ်သတ်ပြီး ဖြေကြားပေးပါဦး။

A: အသင်းပိုင်ရှင် Wh1t3zZ က တရုတ်နိုင်ငံတွင်းက အသင်းလက်မဲ့ ကစားသမားတွေ အားလုံးကို အသစ် ဖွဲ့စည်းသွားမယ့် သူ့အသင်းအတွက် ကစားသမားတွေ လိုအပ်နေကြောင်း အကြောင်းကြားခဲ့ပါတယ်။ အဲဒီမှာ ကျွန်တော်တို့ကို လာရောက် ဆက်သွယ်လာတဲ့ ကစားသမားတွေကို လက်ရည်စစ်ပွဲတွေ ယှဉ်ပြိုင်ခိုင်းပြီး အသင်းအတွက် ကိုက်ညီမယ့် ကစားသမားတွေကို ရွေးချယ်ခဲ့တာပါ။

Q: China Dota 2 Development League မှာ ဝင်ရောက် ယှဉ်ပြိုင်တော့မယ်ဆိုတော့ ဒီပြိုင်ပွဲကြီးက ဒေသတွင်း အသင်းတွေ အပေါ် အကျိုးသက်ရောက်မှု ရှိစေမယ်လို့ ထင်မိပါသလား။ ဥရောပဘက်မှာ ဆိုရင် တစ်နှစ်ကို တစ်ယောက်၊ နှစ်ယောက်လောက် နာမည်ကျော် ကစားသမားတွေ ထွက်ပေါ်လာလေ့ ရှိတယ်လေ။ တရုတ်နိုင်ငံမှာတော့ လူငယ်ကစားသမားတွေ နိုင်ငံတကာ အဆင့်ကို တက်လှမ်းနိုင်ခြင်း မရှိတာ အချိန် အတော်ကြာ နေခဲ့ပြီ ဆိုတော့ ခင်ဗျားရဲ့ ထင်မြင်ယူဆချက်တွေကို ပြောပြပေးပါဦး။

A: အသေးစား ပြိုင်ပွဲလေးတွေ မကြာခဏ ပြုလုပ်ပေးတာက လူငယ် ကစားသမားတွေ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် ကြီးမားတဲ့ အထောက်အကူကို ဖြစ်စေမယ်လို့ ထင်မြင်မိပါတယ်။ ကျွန်တော်တို့ နိုင်ငံတွင်းမှာလည်း အရည်အချင်းရှိတဲ့ လူငယ်ကစားသမားတွေ အများအပြား တည်ရှိနေပါတယ်။ ဒါပေမယ့် သူတို့လေးတွေမှာ ပြိုင်ပွဲ အတွေ့အကြုံ မရှိတာကြောင့် ထင်သလောက် အောင်မြင်လာခဲ့ခြင်း မရှိတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့တွေကို စနစ်တကျ နည်းပေး လမ်းညွှန်ပေးမယ်ဆိုရင် နာမည်ကျော် ကစားသမားတွေ ထပ်မံ ထွက်ပေါ်လာမယ်လို့ ထင်မြင်မိပါတယ်။

Q: Rotk ဆိုရင် အသင်းရဲ့ Drafting ပိုင်းအပေါ် လွှမ်းမိုးပြီး စိတ်တိုင်းကျ Hero Pick/ Ban တွေကို လုပ်ဆောင်လေ့ ရှိတယ်။ OG အသင်းရဲ့ နည်းပြကြီး Sockshka ကတော့ ကစားသမားတွေ စိတ်တိုင်းကျ Hero တွေကို Pick/ Ban ပြုလုပ်ခွင့်ပေးပြီး လိုအပ်တဲ့ အထောက်အပံ့တွေကို နောက်ကွယ်ကနေ အစွမ်းကုန် ပေးစွမ်းလေ့ ရှိပါတယ်။ ခင်ဗျားကရော You Know Who Dota 2 အသင်းအတွက် ဘယ်လို နည်းပြမျိုးအဖြစ် တာဝန်ယူသွားမယ်လို့ ဆုံးဖြတ်ထားလဲ။

A: အခုချိန်ထိတော့ ကစားသမားတွေရဲ့ ကစားပုံတွေ၊ သူတို့ ကျွမ်းကျင်ပိုင်နိုင်တဲ့ Hero တွေကို သိရှိဖို့ အတွက် ကြိုးစားနေတုန်းပဲ ရှိပါသေးတယ်။ သူတို့တွေရဲ့ ပင်ကိုယ်ကစားဟန်ကို သိရှိမှသာ သူတို့အတွက် လိုအပ်တာတွေ ပြင်ဆင်ပေးနိုင်မှာလေ။ လက်ရှိအချိန်မှာတော့ ဘယ်လို နည်းပြမျိုး အဖြစ် တာဝန်ယူသွားမယ် ဆိုတာကို စဉ်းစားထားခြင်း မရှိသေးပါဘူး။

Q: Wings Gaming မှာ ကစားတုန်းက ခင်ဗျားတို့တွေ Ability Draft တွေ ကစားပြီး အသင်းရဲ့ ကစားပုံ တိုးတက်ဖို့ အတွက် လေ့ကျင့်လေ့ ရှိတယ်လို့ သိထားပါတယ်။ အခုအသင်းမှာရော အသင်းသားတွေကိုရော Ability Draft တွေ ကစားခိုင်းပြီး လေ့ကျင့်ပေးဖို့ စိတ်ကူးထားလား ဆိုတာနဲ့ ပတ်သတ်ပြီး ပြောပြပေးပါဦး။

A: Ability Draft ကိုတော့ လေ့ကျင့်ရေး အတွက် အသုံးပြုသွားမှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း အချိန်ရရင်တော့ ကစားခိုင်းသွားမှာပါ။ ဘာဖြစ်လို့လည်းဆိုတော့ Ability Draft ကိုကစားရတာ စိတ်ပျော်ရွှင်မှုကို ရရှိစေနိုင်တယ်လေ။

Q: MDL Chengdu Major မှာ ဘယ်အသင်း အနိုင်ရသွားမယ်လို့ ထင်မိပါသလဲ။

A: ဒါကတော့ ခန့်မှန်းရ ခက်တယ်ဗျ။ VG, EHOME, TNC, EG တစ်သင်းသင်းပဲ အနိုင်ရသွားမယ်လို့ ထင်မြင်မိပါတယ်။

Q: ခင်ဗျားရဲ့ ပရိသတ်တွေ အတွက် တစ်ခုခု ပြောပေးပါဦး။

A: အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော့် Live Stream တွေကို ကြည့်ပေးတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်။ နည်းပြရာထူးနဲ့ အမြန်ဆုံး အသားကျအောင် ပြုလုပ်သွားပြီး အသင်းအတွက် လိုအပ်တဲ့ အကူအညီတွေကို ပေးသွားမှာ ဖြစ်တာကြောင့် ဆက်လက် အားပေးပါဦးလို့ ပြောချင်ပါတယ်။

Ref: VpEsports