DreamHack Open Leipzig CSGO ပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ ဂျာမနီနိုင်ငံ အခြေစိုက် CSGO အသင်း BIG

DreamHack Open Leipzig CSGO ပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ ဂျာမနီနိုင်ငံ အခြေစိုက် CSGO အသင်း BIG

ဂျာမနီနိုင်ငံ အခြေစိုက် CSGO အသင်းဖြစ်တဲ့ BIG အနေနဲ့ စတင် ဖွဲ့စည်းစဥ် အချိန်က အောင်မြင်မှုတွေ စွတ်ခူးနိုင်ခဲ့ပေမယ့် အချိန်ကြာလာတာနဲ့အမျှ ကျရှုံးမှုတွေနဲ့ ရင်ဆိုင်လာရတာကြောင့် အသင်းရဲ့ သက်တမ်းရင့် ကစားသမား နှစ်ဦးဖြစ်တဲ့ Nex နဲ့ Keev တို့ကို အသင်းကနေ ထုတ်ပယ်ပြီး ၂၀၂၀ ခုနှစ် ၁ လပိုင်းမှာ Sprout CSGO အသင်းနဲ့အတူ စွမ်းဆောင်ရည်ကောင်းတွေကို ပြသနိုင်ခဲ့တဲ့ SyrsoN နဲ့ k1to တို့ကို ခေါ်ယူ အားဖြည့်ခဲ့ပါတယ်။

ကစားသမား အသစ်တွေကို ခေါ်ယူအားဖြည့်ခဲ့တဲ့ BIG CSGO အသင်း အနေနဲ့ A-Tier အဆင့်ရှိ DreamHack Open Leipzig CSGO ပြိုင်ပွဲကြီးမှာ ဝင်ရောက် ယှဥ်ပြိုင်ဖို့ အတွက် တိုက်ရိုက် ဖိတ်ကြားခြင်းကို ခံယူနိုင်ခဲ့ပါတယ်။ DreamHack Open Leipzig CSGO ပြိုင်ပွဲကို ဇန်နဝါရီလ ၂၄ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင် အသင်း (၈) အသင်း ဝင်ရောက် ယှဥ်ပြိုင်ခဲ့သလို စုစုပေါင်း ဆုကြေးငွေ ဒေါ်လာ ၁ သိန်း ပေးအပ် ချီးမြှင့်ခဲ့ပါတယ်။

BIG CSGO အသင်း အနေနဲ့ DreamHack Open Leipzig CSGO ပြိုင်ပွဲကြီးရဲ့ အုပ်စုပွဲစဥ်တွေမှာ Renegades, Cloud 9, Virtus Pro စတဲ့ နာမည်ကျော် CSGO အသင်းတွေနဲ့ ယှဥ်ပြိုင်ခဲ့ရပြီး ပြိုင်ဘက် အသင်းတွေ အားလုံးကို အမှတ်ပြတ်ဖြင့် အနိုင်ယူကာ အုပ်စု ပထမနေရာဖြင့် Semifinal အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

Semifinal ပွဲစဥ်မှာ လက်စွမ်းကောင်းတွေ ပြသနိုင်ထားတဲ့ Heroic နဲ့ ယှဥ်ပြိုင်ခဲ့ရပေမယ့် ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့ပြီး ၂ ပွဲပြတ်ဖြင့် ထပ်မံ အနိုင်ယူကာ ဗိုလ်လုပွဲ အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ ဗိုလ်လုပွဲစဥ်မှာတော့ သြစတေးလျ အခြေစိုက် နာမည်ကျော် CSGO အသင်း Renegades နဲ့ ထပ်မံ ယှဥ်ပြိုင်ခဲ့ပါတယ်။

ဗိုလ်လုပွဲစဥ်ကို Best of 3 Format ဖြင့် ယှဥ်ပြိုင်ခဲ့ရပြီး Mirage မှာ (16-5) ၊ Dust II မှာ (16-12) စတဲ့ ရလဒ်တွေဖြင့် အနိုင်ရခဲ့တာကြောင့် DreamHack Open Leipzig CSGO ပြိုင်ပွဲကြီးရဲ့ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့သလို ဆုကြေးငွေ ဒေါ်လာ ၅ သောင်းကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် DreamHack Open Leipzig CSGO ပြိုင်ပွဲမှာ အနိုင်ရခဲ့တာကြောင့် BIG CSGO အနေနဲ့ DreamHack Masters Jonkoping ပြိုင်ပွဲမှာ ဝင်ရောက် ယှဥ်ပြိုင်ခွင့်ကိုလည်း သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

REF: VpEsports