ECS Season 8 – Finals ပြိုင်ပွဲကြီးမှာ အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ Astralis CSGO

ECS Season 8 – Finals ပြိုင်ပွဲကြီးမှာ အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ Astralis CSGO

Esports Championship Series (ECS) Season 8 – Finals ဆိုတာကတော့ S-Tier အဆင့်ရှိ CSGO ပြိုင်ပွဲကြီး တစ်ခုပဲ ဖြစ်ပါတယ်။ အဆိုပါ ပြိုင်ပွဲကို အမေရိကန်နိုင်ငံ၊ Arlington မြို့တော်၊ Esports Stadium မှာ နိုဝင်ဘာလ ၂၈ ရက်နေ့ကနေ ဒီဇင်ဘာလ ၁ ရက်နေ့အထိ ကျင်းပပြီး ပရိုဖက်ရှင်နယ် CSGO အသင်း (၈) သင်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပါတယ်။

ပြိုင်ပွဲဝင် အသင်း (၈) သင်းကို အုပ်စု နှစ်စု ခွဲခြား သတ်မှတ်ကာ ယှဉ်ပြိုင်ခိုင်းခဲ့တာဖြစ်ပြီး အုပ်စုအေမှာ Team Liquid, Evil Geniuses, Ninjas in Pyjamas, Avangar၊ အုပ်စုဘီမှာ Astralis, Fnatic, MIBR, Sharks Esports စတဲ့ အသင်းတွေ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပါတယ်။

အုပ်စုတစ်စုစီမှ အသင်းနှစ်သင်းစီ ဆီမီးဖိုင်နယ် အဆင့်ကို တက်ရောက်ခွင့် ရရှိခဲ့ကြပြီး အုပ်စုဘီမှာ အုပ်စု ပထမနေရာကို သိမ်းပိုက်နိုင်ခဲ့တဲ့ Astralis အနေနဲ့ အုပ်စုအေမှ အုပ်စု ဒုတိယနေရာဖြင့် ဆီမီးဖိုင်နယ် အဆင့်ကို တက်ရောက်လာခဲ့တဲ့ Evil Geniuses နဲ့ ယှဉ်ပြိုင်ခဲ့ရပါတယ်။ အဆိုပါ ပွဲစဉ်မှာ Astralis CSGO အသင်း အနေနဲ့ EG CSGO အသင်းကို (၂-၁) ဆိုတဲ့ ရလဒ်ဖြင့် အနိုင်ရရှိခဲ့တာကြောင့် Grand Final ပွဲစဉ်ကို တက်ရောက်ခွင့် ရရှိခဲ့ပါတယ်။

ဆီမီးဖိုင်နယ် နောက်ထပ် ပွဲစဉ်တစ်ခုမှာတော့ Team Liquid နဲ့ Fnatic တို့ ရင်ဆိုင်ခဲ့ရပြီး Team Liquid အနေနဲ့ Fnatic ကို (၂-၁) ဆိုတဲ့ ရလဒ်ဖြင့် အနိုင်ယူနိုင်ခဲ့တာကြောင့် Grand Final ပွဲစဉ်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ ဒါကြောင့် Grand Final ပွဲစဉ်တွေမှာ မကြာခဏ ရင်ဆိုင်ရလေ့ရှိတဲ့ Team Liquid နဲ့ Astralis တို့ အနေနဲ့ နောက်တစ်ကြိမ် ထပ်မံ ရင်ဆိုင်ခဲ့ရပါတယ်။

ECS Season 8 – Finals ပြိုင်ပွဲကြီးရဲ့ Grand Final ပွဲစဉ်ကို Best of 3 Format ဖြင့် ယှဉ်ပြိုင်ခဲ့ရတာပဲ ဖြစ်ပါတယ်။ Best of 3 Format ရဲ့ ပထမဆုံး ပြိုင်ပွဲအဖြစ် Vertigo Map မှာ ယှဉ်ပြိုင်ကစားခဲ့ကြပြီး Team Liquid အသင်းရဲ့ ကစားသမား Naf ရဲ့ လက်စွမ်းပြမှုနဲ့အတူ Astralis အသင်းကို အနိုင်ယူနိုင်ခဲ့ပြီး Team Liquid CSGO အသင်း အနေနဲ့ တစ်ပွဲအသာဖြင့် ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပွဲစဉ်မှာတော့ Astralis အသင်းရဲ့ အောင်မြေလို့ ပြောလို့ရတဲ့ Nuke မှာ ယှဉ်ပြိုင်ခဲ့ရပြီး Astralis အသင်းရဲ့ Captain ဖြစ်သူ Lukas “Gla1ve” Rossander ရဲ့ လက်စွမ်းပြမှုနဲ့ အတူ Team Liquid ကို အလွယ်တကူပဲ အနိုင်ယူနိုင်ခဲ့ပါတယ်။

ECS Season 8 Grand Final ပြိုင်ပွဲကြီးရဲ့ နောက်ဆုံး ပွဲစဉ်ဖြစ်တဲ့ တတိယမြောက် ပွဲစဉ်ကိုတော့ အသင်း နှစ်သင်းလုံး ကျွမ်းကျွမ်းကျင်ကျင် ကစားနိုင်တဲ့ Dust 2 မှာ ယှဉ်ပြိုင်ခဲ့ရပါတယ်။ ဒါပေမယ့် Astralis CSGO အသင်းရဲ့ AWP ကစားသမား Device ရဲ့ လက်စွမ်းပြမှုကို Team Liquid အသင်းသားတွေ အနေနဲ့ တောင့်ခံထားနိုင်ခဲ့ခြင်း မရှိတာကြောင့် (16-8) ဆိုတဲ့ ရလဒ်ဖြင့် အရေးနိမ့်ခဲ့ရပါတယ်။ အခုလို ESC Season 8 – Finals ပြိုင်ပွဲကြီးမှာ အနိုင်ရ ဗိုလ်စွဲခဲ့တာကြောင့် Astralis CSGO အသင်း အနေနဲ့ ဆုကြေးငွေ ဒေါ်လာ ၂၂၅၀၀၀ ကို သိမ်းပိုက်နိုင်ခဲ့သလို ကမ္ဘာ့အကောင်းဆုံး CSGO အသင်းအဖြစ်လည်း ဆက်လက် ရပ်တည်နိုင်ခဲ့ပါတယ်။

Astralis CSGO အသင်းရဲ့ AWP ကစားသမား Device အနေနဲ့ ပွဲစဉ်တစ်လျှောက် လက်စွမ်းပြနိုင်ခဲ့တာကြောင့် ECS Season 8 ပြိုင်ပွဲကြီးရဲ့ အကောင်းဆုံး ကစားသမားဆုကို စွတ်ခူးနိုင်ခဲ့ပါတယ်။ Device အနေနဲ့ ကစားသမား သက်တမ်း တစ်လျှောက် MVP ဆုကို ၁၅ ကြိမ်တိုင်တိုင် စွတ်ခူးနိုင်ခဲ့ပြီး ပရိုဖက်ရှင်နယ် CSGO ကစားသမားတွေ အထဲမှာ MVP ဆုကို အများဆုံး စွတ်ခူးနိုင်တဲ့ ကစားသမား အဖြစ်လည်း ဆက်လက် ရပ်တည်နိုင်ခဲ့ပါတယ်။

မကြာခင် အချိန်အတွင်းမှာ S-Tier ပြိုင်ပွဲကြီး တစ်ခုဖြစ်တဲ့ ESL Pro League Season 10 – Finals ပြိုင်ပွဲကြီးကို ဒိန်းမတ်နိုင်ငံ၊ Odense မြို့မှာ ကျင်းပသွားတော့မှာ ဖြစ်တာကြောင့် Device အပါအဝင် Astralis အသင်းသားတွေ အနေနဲ့ အောင်မြင်မှုတွေကို ဆက်လက် စွတ်ခူးနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: AfkGaming