အသင်းနဲ့လာရောက်ပူးပေါင်းခဲ့ခြင်းမရှိတာကြောင့် HellRaisers Dota 2 အသင်းရဲ့ ကစားသမားအဖြစ်ကနေ ရပ်ဆိုင်းခံခဲ့ရတဲ့ ALOHADANCE

အသင်းနဲ့လာရောက်ပူးပေါင်းခဲ့ခြင်းမရှိတာကြောင့် HellRaisers Dota 2 အသင်းရဲ့ ကစားသမားအဖြစ်ကနေ ရပ်ဆိုင်းခံခဲ့ရတဲ့ ALOHADANCE

ရုရှားနိုင်ငံ အခြေစိုက် Esports အဖွဲ့အစည်းကြီး တစ်ခုဖြစ်တဲ့ HellRaisers အနေနဲ့ ၂၀၁၇ ခုနှစ် နှောင်ပိုင်းကာလက စတင်ပြီး Dota 2 လောကကနေ ကွယ်ပျောက်သွားခဲ့ပေမယ့် ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၄ ရက်မှာတော့ V-Tune, Nix, DM, ALOHADANCE, Miposhka စတဲ့ ပရိုဖက်ရှင်နယ် ကစားသမား ငါးဦးကို ခေါ်ယူပြီး Dota 2 ‌လောကထဲကို ပြန်လည် ဝင်ရောက်လို့ လာခဲ့ပါတယ်။

HellRaisers Dota 2 အသင်းမှ ကစားသမားတစ်ဦးဖြစ်တဲ့ “ALOHADANCE” ဆိုတာကတော့ ၂၀၁၄ ခုနှစ် HellRaisers Dota 2 အသင်းကို စတင်ဖွဲ့စည်းချိန်က စတင်ပြီး အသင်းအတွက် ကစားပေးခဲ့သူ တစ်ဦးဖြစ်ပါတယ်။ HR Dota 2 အသင်းဖျက်သိမ်းသွားခဲ့ပြီး နောက်ပိုင်းမှာ Team Empire, Viruts.Pro, FRIENDS, Vega Squadron စတဲ့ CIS ဒေသတွင်း Dota 2 အသင်းတွေမှာ Carry (Pos 1), Support (Pos 4) ကစားသမား တစ်ဦးအဖြစ် လှည့်လည်ကစားခဲ့ပြီး ၂၀၁၈ ခုနှစ်မှာတော့ ပရိုဖက်ရှင် ကစားသမား ဘဝကနေ အနားယူကာ Dota 2 Streamer တစ်ဦးအဖြစ် စတင် အသက်မွေးဝမ်းကျောင်းပြုခဲ့ပါတယ်။

၂၀၁၉ ခုနှစ် စက်တင်ဘာလမှာတော့ HellRaisers Esports အဖွဲ့အစည်း Dota 2 လောကထဲ ပြန်လည် ဝင်ရောက်လာခြင်းနဲ့ အတူ ALOHADANCE တစ်ယောက်လည်း ပရိုဖက်ရှင်နယ် ကစားသမားဘဝကို တစ်ဖန် ပြန်လည်ခံယူခဲ့ပါတယ်။ HellRaisers Dota 2 အသင်းအနေနဲ့ 2019-2020 DPC ရာသီရဲ့ ပထမဆုံး Major ပွဲဖြစ်တဲ့ MDL Chengdu Major လက်ရည်စစ်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပေမယ့် အောင်မြင်ခဲ့ခြင်း မရှိပါဘူး။

MDL Chengdu Major လက်ရည်စစ်ပွဲမှာ ကျရှုံးခဲ့ပေမယ့် ALOHADANCE အပါအဝင် HellRaisers အသင်းသားတွေ အနေနဲ့ စိတ်ဓာတ်ကျခြင်း မရှိပဲ Dota Summit Minor ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိဖို့အတွက် လက်ရည်စစ်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး Dota Summit Minor ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ကို ထိုက်ထိုက်တန်တန် ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် Dota Summit Minor Main Event မှာအနိုင်ရရှိခဲ့ပြီး ပထမဆုကို သိမ်းပိုက်နိုင်ခဲ့မယ်ဆိုရင် MDL Chengdu Major ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိနိုင်ဦးမှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း Dota Summit Minor ပြိုင်ပွဲ စတင်ဖို့ ငါးရက်ခန့်သာ လိုတော့တဲ့ အချိန်မှာ အသင်းနဲ့အတူ လေ့ကျင့်ဖို့အတွက် လာရောက်ပူးပေါင်းခဲ့ခြင်း မရှိတာကြောင့် HellRaisers အဖွဲ့အစည်းအနေနဲ့ ALOHADANCE ကို အသင်းရဲ့ ကစားသမား အဖြစ်ကနေ ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေငြာသွားခဲ့ပါတယ်။

ALOHADANCE နေရာမှာ အစားထိုး ဝင်ရောက် ယှဉ်ပြိုင်မယ့် ကစားသမားနဲ့ ပတ်သတ်ပြီး HellRaisers ဘက်မှ လက်ရှိအချိန်ထိတော့ တရားဝင် ထုတ်ပြန်ကြေငြာခြင်း မရှိသေးပါဘူး။ လက်ရှိအချိန်မှာ ပြိုင်ပွဲကျင်းပဖို့ အတွက်လည်း ရက်ပိုင်းသာ ကျန်ရှိတော့တာကြောင့် HellRaisers အနေနဲ့ Dota Summit Minor ပြိုင်ပွဲကို အစားထိုး ကစားသမား (Stand-In) တစ်ဦးဖြင့်သာ ဝင်ရောက် ယှဉ်ပြိုင်သွားဖွယ်ရှိပြီး အမြဲတမ်း ကစားသမားကိုတော့ ပြိုင်ပွဲ ပြီးဆုံးမှသာ ကြေငြာသွားဖွယ် ရှိပါတယ်။

REF: VpEsports