၂၀၂၁ ခုနှစ်အထိ SK Telecom အသင်းနဲ့ ဆက်လက် လက်တွဲသွားမှာဖြစ်တဲ့ Faker

၂၀၂၁ ခုနှစ်အထိ SK Telecom အသင်းနဲ့ ဆက်လက် လက်တွဲသွားမှာဖြစ်တဲ့ Faker

Faker ဆိုတာကတော့ League of Legends လောကရဲ့ နာမည်ကျော် ကစားသမား တစ်ဦးဖြစ်တဲ့အပြင် Esports လောကရဲ့ အထင်ကရ ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ပါတယ်။ ယခုအခါမှာတော့ Lee “Faker” Sang Hyeok အနေနဲ့ မိခင်အသင်းဖြစ်တဲ့ SK Telecom T1 အသင်းနဲ့ ၂၀၂၁ ခုနှစ်အထိ ဆက်လက် လက်တွဲနိုင်မယ့် စာချုပ်သစ်ကို ချုပ်ဆိုလိုက်ပြီ ဖြစ်ပါတယ်။

SK Telecom T1 အသင်းအနေနဲ့လည်း လက်ရှိအချိန်မှာ အသင်းရဲ့ ကစားသမား အများစုနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းတွေ ကုန်ဆုံးတော့မှာ ဖြစ်တာကြောင့် အသင်းရဲ့ နာမည်ကျော် Mid ကစားသမား Faker ကနေ စတင်ပြီး အခုလို စာချုပ်သက်တမ်းတိုးဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

2019 LoL World ချန်ပီယံရှစ် ပြိုင်ပွဲကြီးမှာ Faker အနေနဲ့ SK Telecom T1 အသင်းနဲ့အတူ (3rd– 4th) နေရာဖြင့်သာ ရပ်တည်နိုင်ခဲ့တာကြောင့် အသင်းကနေ စွန့်ခွာသွားနိုင်တယ်လို့ အများစုက ထင်မှတ် ထားခဲ့ကြပေမယ့် အခုလို စာချုပ်သစ်ကို ချုပ်ဆိုလိုက်ခြင်းဖြင့် ကောလာဟလတွေကို ချုပ်ငြိမ်းစေခဲ့ပြီ ဖြစ်ပါတယ်။

SK Telecom T1 အသင်းအနေနဲ့ လက်ရှိအချိန်မှာ Faker တစ်ဦးတည်းနဲ့သာ သက်တမ်းတိုး စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး ကျန်ရှိနေတဲ့ ကစားသမားတွေကိုတော့ သက်တမ်းတိုးဖို့ အတွက် ကမ်းလှမ်းခဲ့ခြင်း မရှိပါဘူး။

SK Telecom T1 အသင်းရဲ့ Bot Lane ကစားသမား Teddy နဲ့ အစားထိုး Bot Lane ကစားသမား Leo တို့ရဲ့ စာချုပ်သက်တမ်းဟာ (၂၀၂၀) နှစ်ကုန်ပိုင်းမှသာ ကုန်ဆုံးမှာ ဖြစ်တာကြောင့် 2020 LoL ရာသီအစပိုင်းမှာ ကောင်းမွန်တဲ့ လက်စွမ်းလက်နတွေကို ပြသနိုင်မှသာ စာချုပ်သက်တမ်းတိုးဖို့ အတွက် ကမ်းလှမ်းသွားဖွယ် ရှိပါတယ်။

Jungle ကစားသမား Clid အနေနဲ့ SKT Telecom T1 အသင်းနဲ့အတူ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့ပေမယ့် လက်ရှိအချိန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်တာကြောင့် တကယ်လို့ စာချုပ်သက်တမ်းတိုးဖို့အတွက် ကမ်းလှမ်းခဲ့ခြင်း မရှိဘူးဆိုရင် SK Telecom T1 အသင်း အနေနဲ့ ကစားသမားကောင်း တစ်ဦးကို ဆုံးရှုံးရတော့မှာ ဖြစ်ပါတယ်။

ဒါ့အပြင် လက်ရှိအချိန်မှာ ထွက်ပေါ်နေတဲ့ သတင်းများအရ SK Telecom T1 အသင်းအနေနဲ့ Top Lane ကစားသမား Kim “Khan” Dong Ha နဲ့ Support ကစားသမားတွေဖြစ်တဲ့ Lee “Effort” Sang-Ho နဲ့ Cho “Mata” Se Hyeon တို့ကိုလည်း အသင်းကနေ ထွက်ခွာခွင့် ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် 2020 LoL ရာသီမှာ သက်တမ်းတိုး စာချုပ်ချုပ်ဆိုထားတဲ့ Faker နဲ့အတူ ကစားသမား အသစ်များနဲ့ ပြန်လည် ဖွဲ့စည်းလာဖွယ်ရှိတဲ့ SK Telecom T1 အသင်းအနေနဲ့ ဘယ်လို အောင်မြင်မှုတွေကို စွတ်ခူးသွားမယ် ဆိုတာကိုတော့ ရင်ခုန်စွာနဲ့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports