ပြဿနာတောထဲက ရုန်းထွက်လာပြီး အသင်းသစ်ကို နည်းပြသွားမှာဖြစ်တဲ့ Griffin LoL အသင်း နည်းပြဟောင်း CvMax

ပြဿနာတောထဲက ရုန်းထွက်လာပြီး အသင်းသစ်ကို နည်းပြသွားမှာဖြစ်တဲ့ Griffin LoL အသင်း နည်းပြဟောင်း CvMax

cvMax ဆိုတာကတော့ Griffin LoL အသင်းကို Laugue of Legends Champions Korea (LCK) ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကို သုံးကြိမ်တိုင်တိုင် တက်လှမ်းနိုင်ဖို့ အတွက် နောက်ကွယ်ကနေ ကြိုးကိုင်ပေးခဲ့သူ တစ်ဦးပဲ ဖြစ်ပါတယ်။ LCK ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကို သုံးကြိမ်တိုင်တိုင် တက်လှမ်းနိုင်ခဲ့ပေမယ့် ကိုရီးယားနိုင်ငံ အခြေစိုက်လည်းဖြစ် ကမ္ဘာတစ်ဝှမ်း LoL ပရိသတ်တွေ အကြားမှာ ရေပန်းအစားဆုံး အသင်းတစ်ခုလည်းဖြစ်တဲ့ SK Telecom T1 အသင်းကို သုံးကြိမ်လုံး ရှုံးနိမ့်ခဲ့ပြီး ဒုတိယ နေရာဖြင့်သာ ကျေနပ်ခဲ့ရပါတယ်။

SK Telecom T1 အသင်းကို သုံးကြိမ်တိုင်တိုင် ရှုံးနိမ့်ခဲ့တာကြောင့် Griffin LoL အသင်းရဲ့ နည်းပြကြီး cvMax နဲ့ Griffin အသင်းရဲ့ အုပ်ချုပ်သူတွေ အကြားမှာ ပြဿနာတွေ တင်းမာလာခဲ့ပြီး 2019 League of Legends World Championship ပြိုင်ပွဲကြီး ကျင်းပဖို့ လပိုင်းခန့် အလိုမှာ အသင်းကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။

Griffin LoL အသင်းကနေ ထုတ်ပယ်ခံရတဲ့ ကိစ္စနဲ့ပတ်သတ်ပြီး အသင်းတာဝန်ရှိသူတွေ အပေါ် cvMax အနေနဲ့ အပြစ်တင် ဝေဖန်ခဲ့သလို Griffin LoL အသင်းရဲ့ တာဝန်ရှိသူတွေဘက်ကလည်း cvMax ရဲ့ တာဝန်ယူစိတ်၊ တာဝန်ခံစိတ် မရှိခြင်းအပေါ် ပြန်လည် အပြစ်တင် ဝေဖန်ခဲ့ပါတယ်။

ယခုအခါမှာတော့ Griffin LoL အသင်းရဲ့ နည်းပြဟောင်းဖြစ်သူ cvMax အနေနဲ့ (၂၀၂၀) ရာသီမှာ DragonX LoL အသင်းရဲ့ နည်းပြ အဖြစ် တာဝန်ယူ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ တရားဝန် ထုတ်ပြန် ကြေငြာ သွားခဲ့ပြီ ဖြစ်ပါတယ်။

DragonX အသင်းကို အတွေ့အကြုံ အနည်းငယ်သာ ရှိသေးတဲ့ လူငယ်ကစားသမားတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်တဲ့အပြင် အသင်းရဲ့ နာမည်ကျော် ကစားသမား “Pawn” ကလည်း အသင်းကနေ အနားယူသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် (၂၀၁၉) ရာသီမှာ ရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ Kingzone DragonX LoL အသင်းကို cvMax အနေနဲ့ အရင်တုန်းက နည်းပြခဲ့တဲ့ Griffin LoL အသင်းမှာလို အောင်မြင်မှုတွေ ရယူပေးနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports