2019 Sea Games ပြိုင်ပွဲ Esports ကဏ္ဍအတွက် ကွန်ပြူတာများ အထောက်အပံ့ပေးသွားမယ့် Acer

2019 Sea Games ပြိုင်ပွဲ Esports ကဏ္ဍအတွက် ကွန်ပြူတာများ အထောက်အပံ့ပေးသွားမယ့် Acer

အကြိမ် (၃၀) မြောက် Sea Games ပြိုင်ပွဲကြီးကို ဖိလစ်ပိုင်နိုင်ငံမှာ နိုဝင်ဘာ (၃၀) ရက်နေ့ကနေ ဒီဇင်ဘာလ (၁၁) ရက်နေ့ အထိ စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဖိလစ်ပိုင် (၂၀၁၉) Sea Games ဆိုတာကတော့ ပထမဆုံး အကြိမ် Esports ပြိုင်ပွဲများ ပါဝင်လာတဲ့ Sea Games ပြိုင်ပွဲကြီး တစ်ခုပဲ ဖြစ်ပါတယ်။ Sea Games (2019) မှာ ကျင်းပသွားမယ့် Esports ပြိုင်ပွဲများကို ဒီဇင်ဘာလ (၄) ရက်နေ့ကနေ (၁၀) ရက်နေ့အထိ ဖိလစ်ပိုင်နိုင်ငံ၊ San Juan မြို့တော်၊ FilOil Flying Centre မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

အခုလို ပထမဆုံး Esports ပြိုင်ပွဲတွေ ပါဝင်လာတဲ့ Sea Games ပြိုင်ပွဲကြီးမှာ Esports ကစားသမားတွေ စိတ်အနှောင့်အယှက် ကင်းဝေးစွာ ပြိုင်ပွဲတွေ ယှဉ်ပြိုင်နိုင်ဖို့ အတွက် ရည်ရွယ်ပြီး ကမ္ဘာ့တစ်ဝှမ်း လူကြိုက်အများဆုံး ကွန်ပြူတာ ကုမ္ပဏီတွေ အထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ Acer အနေနဲ့ Sea Games ပြိုင်ပွဲ Esports ကဏ္ဍအတွက် ကွန်ပြူတာများကို အထောက်အပံ့ ပေးသွားမှာဖြစ်တဲ့ အကြောင်း တရားဝင် ထုတ်ပြန် ကြေငြာသွားခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံ ကိုယ်စားပြု Acer ကုမ္ပဏီရဲ့ General Manager Sue Lin ရဲ့အဆိုအရ 2019 Sea Games ပြိုင်ပွဲ Esports ကဏ္ဍအတွက် Acer ကုမ္ပဏီမှ ထုတ်လုပ် ရောင်းချနေတဲ့ Predator အမျိုးအစား Gaming Series ကွန်ပြူတာများကို အထောက်အပံ့ ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ Acer Predator Series Gaming ကွန်ပြူတာများကို Dota 2, StarCraft 2 စတဲ့ Esports ပြိုင်ပွဲများ အတွက် အသုံးပြုသွားမှာ ဖြစ်ပါတယ်။

“ကျွန်မတို့ရဲ့ Predator အမျိုးအစား Gaming ကွန်ပြူတာတွေဆိုတာ လူကြိုက်အများဆုံး Gaming ကွန်ပြူတာတွေထဲမှာ တစ်ခုအပါဝင် ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ ကုမ္ပဏီ Acer ဟာဆိုရင်လည်း ကမ္ဘာ့ လူကြိုက်အများဆုံး ကွန်ပြူတာ ကုမ္ပဏီတွေ အထဲမှာ တစ်ခု အပါအဝင် ဖြစ်တဲ့အပြင် ဖိလစ်ပိုင်နိုင်ငံ အတွင်း နံပါတ် (၁) ကွန်ပြူတာ Brand တစ်ခုလည်း ဖြစ်ပါတယ်။ အခုလို Sea Games ပြိုင်ပွဲကြီးမှာ ကျွန်မတို့ရဲ့ ကွန်ပြူတာတွေနဲ့ အထောက်အပံ့ ပေးခွင့်ရတဲ့ အတွက်လည်း တကယ်ကို ဂုဏ်ယူမိပါတယ်။”

Sue Lim ရဲ့ အဆိုအရ 2019 Sea Games ပြိုင်ပွဲ Esports ကဏ္ဍအတွက် Acer ကုမ္ပဏီအနေနဲ့ Nvidia RTX Graphic Cards, Core i7 9th Gen Processor များ အသုံးပြုထားတဲ့ Predator Series Gaming ကွန်ပြူတာများကို အထောက်အပံ ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် Sue Lim အနေနဲ့ Sea Games မှာ ဝင်ရောက် ယှဉ်ပြိုင်သွားမယ့် ဖိလစ်ပိုင် နိုင်ငံ ကိုယ်စားပြု Esports အသင်းများ အပေါ် ယုံကြည်မှု အပြည့်ရှိကြောင်း ရွှေတံဆိပ်ဆုများကို သိမ်းပိုက်နိုင်မယ်လို့လည်း ယုံကြည်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

အခုဆိုရင် Sea Games ပြိုင်ပွဲကြီး ကျင်းပဖို့ အတွက်လည်း (၁၅) ရက်ခန့်သာ လိုအပ်တော့တာ ဖြစ်တာကြောင့် Sue Lim ပြောခဲ့သလို Esports ကဏ္ဍတွေမှာ ဖိလစ်ပိုင်နိုင်ငံ ကိုယ်စားပြု အသင်းတွေကပဲ ရွှေတံဆိပ်ကို သိမ်းပိုက်နိုင်မလား ဒါမှမဟုတ် မြန်မာနိုင်ငံ အပါအဝင် အခြားသော ဒေသတွင်း ပြိုင်ဘက်တွေကပဲ ရွှေတံဆိပ်ဆုကို သိမ်းပိုက်နိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: PNA