Ad Finem Dota 2 အသင်းကနေ နှုတ်ထွက်လိုက်ပြီဖြစ်တဲ့ Madara

Ad Finem Dota 2 အသင်းကနေ နှုတ်ထွက်လိုက်ပြီဖြစ်တဲ့ Madara

2019-2020 DPC ရာသီရဲ့ ပထမဆုံး Minor တစ်ခုဖြစ်တဲ့ Dota Summit 11 မှာ ပရိသတ်တွေနဲ့ ကာလအတန်ကြာ ဝေးကွာနေတဲ့ ဂရိသားငါးယောက် အစုအဖွဲ့ Ad Finem Dota 2 အသင်းကို ပြန်လည် မြင်တွေ့ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ကံမကောင်းစွာနဲ့ Dota Summit 11 ပြိုင်ပွဲရဲ့ အုပ်စုအဆင့်မှာတင် ရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ပြိုင်ပွဲကနေ နှုတ်ဆက် ထွက်ခွာသွားခဲ့ရပါတယ်။

Ad Finem Dota 2 အသင်းကို ပြန်လည် ဖွဲ့စည်းခဲ့စဉ် အချိန်က အသင်းသားတွေ အနေနဲ့ ပြိုင်ပွဲတွေမှာ ဘယ်လိုပဲ ရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်နေရပါစေ အသင်းကနေ ထွက်ခွာခြင်း မရှိပဲ ဆက်လက် ကြိုးစားသွားမှာ ဖြစ်တယ်လို့ ပရိသတ်တွေ အပေါ် ကတိတွေ အထပ်ထပ် ပေးခဲ့ကြပေမယ့်လည်း လက်တွေ့ ရှုံးနိမ့်မှုတွေကို ဆက်တိုက် ရင်ဆိုင်ရတဲ့ အခါမှာတော့ Ad Finem အသင်းရဲ့ Carry ကစားသမားဖြစ်တဲ့ Madara ကတော့ အသင်းကနေ နှုတ်ထွက်လိုက်ပြီဖြစ်ကြောင်း တရားဝင် ထုတ်ပြန် ကြေငြာသွားခဲ့ပြီ ဖြစ်ပါတယ်။

Ad Finem Dota 2 အသင်းကနေ နှုတ်ထွက်လိုက်တဲ့ အကြောင်းကို ကိုယ်ပိုင် Twitter စာမျက်နှာကနေ တစ်ဆင့် ကြေငြာသွားခဲ့တာဖြစ်ပြီး မကြာခင် အချိန်အတွင်းမှာ အနာဂတ်နဲ့ ပတ်သတ်တဲ့ အစီအစဉ်တွေကို ကြေငြာသွားမှာဖြစ်တဲ့ အကြောင်းကို ပြောကြားသွားခဲ့ပါတယ်။

Madara အနေနဲ့ Ad Finem အသင်းနဲ့အတူ 2016 ခုနှစ် Boston Major မှာ ဒုတိယဆုကို စွတ်ခူးနိုင်ခဲ့သလို Ad Finem အသင်းကနေ နှုတ်ဆက် ထွက်ခွာပြီး နောက်ပိုင်းမှာ Mouse Esports, Vega Squadron စတဲ့ အသင်းကြီးတွေမှာ ကစားခဲ့သလို Alliance အသင်းရဲ့ အစားထိုး ကစားသမား အဖြစ်လည်း 2018-2019 DPC ရာသီ OGA Dota Pit Minor ပြိုင်ပွဲမှာ ဝင်ရောက် ကစားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Ad Finem Dota 2 အသင်း ပြန်လည် ဖွဲ့စည်းခြင်းနဲ့အတူ အသင်းဟောင်းကို ဒုတိယ အကြိမ်မြောက် ရောက်ရှိခဲ့တာပဲ ဖြစ်ပါတယ်။

Madara အနေနဲ့ အသင်းဟောင်းကို ဒုတိယ အကြိမ် ပြန်လည် ရောက်ရှိပြီး (၅) လခန့် အကြာမှာတော့ ဒုတိယအကြိမ် ပြန်လည် ထွက်ခွာဖို့ ထပ်မံ ဆုံးဖြတ်ချက်ချလိုက်တာပဲ ဖြစ်ပါတယ်။ Ad Finem Dota 2 အသင်း အနေနဲ့လည်း မကြာမီ အချိန်အတွင်းမှာ ကျင်းပသွားမှာဖြစ်ပြီး ဆုကြေးငွေ ဒေါ်လာ (၁) သိန်း ချီးမြှင့်သွားမှာ ဖြစ်တဲ့ GG.Bet Championship ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်သွားမှာ ဖြစ်ပေမယ့် Madara နေရာမှာ ဝင်ရောက် ကစားမယ့် ကစားသမားနဲ့ ပတ်သတ်ပြီး လက်ရှိအချိန်ထိ တရားဝင် ထုတ်ပြန် ကြေငြာခြင်း မရှိသေးပါဘူး။

လက်ရှိအချိန်မှာ 2019-2020 DPC ရာသီရဲ့ ပထမဆုံး Minor ပြိုင်ပွဲဖြစ်တဲ့ Dota Summit 11 ပြိုင်ပွဲလည်း ပြီးဆုံးသွားပြီ ဖြစ်သလို ပထမဆုံး Major ပြိုင်ပွဲ MDL Chengdu Major လည်း စတင် ကျင်းပနေပြီ ဖြစ်ပါတယ်။ အသင်းလက်မဲ့ဖြစ်နေတဲ့ Madara အနေနဲ့ Dota Summit 11 ပြိုင်ပွဲမှာ ရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ကစားသမား အပြောင်းအရွေ့ ပြုလုပ်ဖို့ ရာခိုင်နှုန်းများနေတဲ့ NIP Dota 2 အသင်းကိုပဲ ရောက်ရှိသွားမလား ဒါမှမဟုတ် လက်ရှိအချိန်ထိ ပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်ခြင်း မရှိသေးတဲ့အပြင် Carry ကစားသမား Ana နေရာမှာ အစားထိုးနိုင်မယ့် ကစားသမား လိုအပ်နေတဲ့ TI နှစ်ထပ်ကွမ်း ချန်ပီယံ OG အသင်းကိုပဲ ရောက်ရှိသွားမလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports