LGD International Dota 2 အသင်းမှာ ဝင်ရောက်ကစားသွားဖွယ်ရှိတဲ့ 1437

LGD International Dota 2 အသင်းမှာ ဝင်ရောက်ကစားသွားဖွယ်ရှိတဲ့ 1437

တရုတ်နိုင်ငံ အခြေစိုက် Esports အဖွဲ့အစည်းကြီး တစ်ခုဖြစ်တဲ့ LGD အနေနဲ့ တရုတ်နိုင်ငံ ပြင်ပ နိုင်ငံတကာ ကစားသမားများဖြင့် ဖွဲ့စည်းထားတဲ့ LGD International အသင်းကို ဖျက်သိမ်းခဲ့တာ ယခုဆိုရင် ၆ နှစ်ခန့်တောင် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ယခင်အချိန်တွေတုန်းက LGD International အသင်းကို ဥရောပနိုင်ငံသား ပရိုဖက်ရှင်နယ် Dota 2 ကစားသမားများဖြင့် ဖွဲ့စည်းခဲ့ပေမယ့် ပြိုင်ပွဲတွေမှာ ထင်သလောက် အောင်မြင်မှုတွေ ရရှိခဲ့ခြင်း မရှိတာကြောင့် ၂၀၁၃ ခုနှစ်မှာ LGD International အသင်းကို ဖျက်သိမ်းဖို့ အတွက် ဆုံးဖြတ်ချက်ချခဲ့ရတာပဲ ဖြစ်ပါတယ်။

ယခုအခါမှာတော့ LGD Esports အဖွဲ့အစည်း အနေနဲ့ LGD International အသင်းကို နောက်တစ်ကြိမ် ထပ်မံ ဖွဲ့စည်းဖို့ အတွက် ပြန်လည် ဆုံးဖြတ်ချက်ချလိုက်တဲ့ပုံပါပဲ။ ယခင်အချိန်တွေနဲ့ မတူညီတဲ့ အချက်က‌တော့ အသစ်ဖွဲ့စည်းသွားမယ့် LGD International အသင်းကို အရှေ့တောင်အာရှ အခြေစိုက် အသင်းအဖြစ် ဖွဲ့စည်းသွားမှာပဲ ဖြစ်ပါတယ်။

LGD International အသင်းနဲ့ ပတ်သတ်တဲ့ အသေးစိတ် အချက်အလက်တွေကို နိုဝင်ဘာလ ၂၆ ရက်၊ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တော်၊ Conrad Manila ဟိုတယ်မှာ ကျင်းပသွားမယ့် အခမ်းအနားမှာ ကြေငြာသွားမှာ ဖြစ်ပေမယ့်လည်း လက်ရှိအချိန်မှာ LGD International အသင်းမှာ ကစားသွားဖွယ်ရှိတဲ့ ကစားသမားတွေနဲ့ ပတ်သတ်ပြီး ကောလာဟလတွေ ထွက်ပေါ်လို့ လာခဲ့ပြီ ဖြစ်ပါတယ်။

The International 2011 ပြိုင်ပွဲကြီး စတင် ကျင်းပစဥ် အချိန်ကတည်းက ပရိုဖက်ရှင်နယ် Dota 2 ကစားသမား ဘဝကို ခံယူခဲ့တဲ့ နာမည်ကျော် Support (Pos 5) ကစားသမား Theeban (1437) အနေနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလ (၉) ရက်နေ့မှာ ချစ်ရသူနဲ့ မင်္ဂလာပွဲကို ဖိလစ်ပိုင်နိုင်ငံမှာ ခမ်းနားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။

Theeban အနေနဲ့ မင်္ဂလာပွဲ ကျင်းပ ပြီးဆုံးသွားခဲ့ပေမယ့် မွေးရပ်မြေဖြစ်တဲ့ ကနေဒါနိုင်ငံကို ပြန်ခဲ့ခြင်း မရှိပဲ ဖိလစ်ပိုင်နိုင်ငံမှာသာ ဆက်လက် နေထိုက်လျက် ရှိတာကြောင့် အသစ်ဖွဲ့စည်းသွားမယ့် LGD International အသစ်မှာ ဝင်ရောက် ကစားသွားဖွယ် ရှိတယ်လို့ ကောလာဟလတွေ ထွက်ပေါ်လျက် ရှိပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ စနေနေ့ (နိုဝင်ဘာလ ၁၆ ရက်နေ့) မှာ Theeban တစ်ယောက် တရုတ်စကား ကျွမ်းကျင်စွာ ပြောဆိုတတ်သူ တစ်ဦးကို ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တော်မှာ အမြဲတမ်း ဝန်ထမ်းအဖြစ် ခန့်အပ်ရန် လိုအပ်နေကြောင်းကို ကိုယ်ပိုင် Facebook စာမျက်နှာကနေ တစ်ဆင့် ကြေငြာသွားခဲ့ပါတယ်။

Looking for fluent mandarin speaker for full time translating job in Manila :)

Geplaatst door 1437 op Zaterdag 16 november 2019

Theeban အနေနဲ့ ယခင် အချိန်တွေတုန်းကလည်း LGD International အသင်းမှာ ဝင်ရောက် ကစားခဲ့ပြီး အောင်မြင်မှုတွေကို စွတ်ခူးနိုင်ခဲ့တာကြောင့် အသစ်ဖွဲ့စည်းသွားမယ့် LGD International အသင်းမှာ Pos 5 (Captain) အဖြစ် ဝင်ရောက် ကစားသွားဖွယ် ရှိပါတယ်။

Theeban နဲ့အတူ LGD International အသင်းမှာ ဝင်ရောက် ကစားသွားမယ့် ကစားသမားတွေ အဖြစ် ရေပန်းအစားဆုံး နေရာမှာ တည်ရှိနေတဲ့ ကစားသမားတွေကတော့ မလေးရှားနိုင်ငံသား နာမည်ကျော် Dota 2 ကစားသမား MidOne နဲ့ ယခင် Mineski, TNC စတဲ့ နာမည်ကျော် Dota 2 အသင်းတွေမှာ Support ကစားသမားအဖြစ် ကစားခဲ့တဲ့ Ninjaboogie တို့ပဲ ဖြစ်ပါတယ်။

တကယ်လို့ ကောလာဟလတွေ ထွက်ပေါ်နေတဲ့ ကစားသမားတွေနဲ့သာ LGD International အသင်းကို ဖွဲ့စည်းသွားခဲ့မယ် ဆိုရင်တော့ SEA ဒေသတွင်း အင်အားကြီး Dota 2 အသင်း တစ်သင်း ထပ်မံ ပေါ်ထွက်လာမှာ ဖြစ်တာကြောင့် ကောလာဟလတွေ အတိုင်း LGD Dota 2 အဖွဲ့အစည်း အနေနဲ့ အကောင်အထည် ဖော်နိုင်ခြင်း ရှိမရှိကို ရင်ခုန်စွာနဲ့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: AfkGaming